၁၄.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၀ မိနစ်) ပဲခူးမြို့နယ် စတုတ္ထတန်းကျောင်းသူကို အဓမ္မပြုကျင့်ကာ လျှာကိုက်ဖြတ်ခဲ့သည့် ၁၉ နှစ်အရွယ် အမျိုးသား


အကတိုက်နေသည့် စတုတ္ထတန်းကျောင်းသူကို အဓမ္မပြုကျင့်၍လျှာကိုက်ဖြတ်သည့် ၁၉ နှစ်အရွယ်ပြစ်မှုကျူးလွန်သူကို တရားစွဲတင်ရန်ဆောင်ရွက်နေကြောင်း ဘုရားကြီးနယ်မြေရဲတပ်ဖွဲ့ထံမှ သိရသည်။

ပဲခူးမြို့နယ်၊ ၀မ်းဘဲအင်းကျေးရွာအုပ်စု၊ ကံမြင့်ကျေးရွာ၌နေထိုင်သူ တင်ထွန်းအောင်(ခ)ခေါ်တော ၁၉ နှစ်ဆိုသူသည် ဇန်နဝါရီလ ၁၀ ရက်၊ ည ၁၀ နာရီတွင်ကျောင်း၌အကတိုက်နေသည့် ၎င်း၏စတုတ္ထတန်းကျောင်းသူညီမကိုဆိုင်ကယ်ဖြင့် သွားကြိုခဲ့ကြောင်းရဲမှတ်တမ်းအရ သိရသည်။

ညီမဖြစ်သူနှင့်အတူတစ်ရွာတည်းနေ မ--------- ၁၀ နှစ်စတုတ္တတန်းကိုလည်း လမ်းကြုံတစ်ခါတည်းတင်ဆောင်လာခဲ့ပြီး နေအိမ်၌ညီမဖြစ်သူကိုထားခဲ့ကာ ဆက်လက်၍ မ--------- ၁၀ နှစ်ကို သံလမ်းဘေးလယ်ကွက်အတွင်းခေါ်ဆောင်ကာအဓမ္မပြုကျင့်ခဲ့ပြီးနောက် သေစေရန်ရည်ရွယ်ကာလည်ပင်းညှစ်လိုက်သည့်အပြင် ထွက်လာသည့်မိန်းကလေး၏လျှာကိုလည်း ကိုက်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“သူ့ညီမကိုဆိုင်ကယ်နဲ့သွားကြိုရင်း ညီမနဲ့တစ်ခန်းတည်းသူငယ်ချင်းပြုကျင့်ခံရသူကိုလည်း လမ်းကြုံခေါ်သွားခဲ့တယ်။သူ့ညီမကိုအိမ်မှာအရင်ပို့ပေးပြီး အဲဒီကလေးမလေးကို လူပြတ်တဲ့သံလမ်းမှာအဓမ္မပြုကျင့်ပြီးတော့ တစ်ခါတည်းသတ်ဖို့ရည်ရွယ်ပြီးလည်ပင်းညှစ်လိုက်တယ်။ ထွက်လာတဲ့ကလေးမလေးရဲ့လျှာကိုလည်း ကိုက်ဖြတ်လိုက်တာဗျ။ ကလေးပျောက်လို့လိုက်ရှာရင်း ပြန်တွေ့တဲ့အခါမှာ ကလေးကမသေဘူး။ဆေးရုံပို့ပေးပြီး စစ်မေးတဲ့အခါမှာစာရေးပြီးပြောလို့ တရားခံကိုဖမ်းဆီးနိုင်ခဲ့တယ်။ကြားထဲမှာ ရုံးပိတ်ရက်ခံနေလို့ ဒီနေ့မှရုံးထုတ်ရမန်ယူရတယ်” ဟု ဘုရားကြီးနယ်မြေမှ တာ၀န်ရှိသူတစ်ဦးက အကုန်သိသတင်းဌာသို့ပြောသည်။

ယင်းအတွက်ကြောင့် ပြစ်မှုကျူးလွန်သူတင်ထွန်းအောင်(ခ)ခေါ်တော ၁၉ နှစ်ကိုဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ - ၃၇၆/၃၀၇ ဖြင့်ဘုရားကြီးနယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ပြီး ဇန်နဝါရီလ ၁၃ ရက်(ယနေ့)နံနက်တွင် ရုံးထုတ်ရမန်ယူစစ်ဆေးနေကြောင်း သိရသည်။


Comments